လျှပ်စစ်မီးပျက်ချိန် သတိထားရမည့် ကျန်းမာရေး ပြဿနာများ
လျှပ်စစ်မီးသည် ခေတ်မီလူနေမှုဘဝ၏ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မိမိတို့၏နေအိမ်များ၊ လုပ်ငန်းများနှင့် ဆေးရုံများကို အတွက် အရေးပါသော အရာတစ်ခုအဖြစ် ရပ်တည်နေပါသည်။ ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင်လည်း လျှပ်စစ်မီးပြတ်တောက်မှုသည် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်သဖြင့် ပိုမိုသတိထားနိုင်ရန် တင်ပြလိုပါသည်။
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ပတ်သက်သည့် အန္တရာယ်များမှာ များပြားပြီး အပူချိန်လွန်ကဲသော ထိတွေ့မှု၊ အသက်ရှူလမ်းကြောင်း အခြေအနေ ပိုဆိုးလာသည်အထိ နှင့် ထိုအခြေအနေများကြောင့် သေဆုံးခြင်းအထိ ပါဝင်သည်။
ဓာတ်အားပြတ်တောက်မှု၏ အထင်ရှားဆုံး သက်ရောက်မှုတစ်ခုမှာ အပူချိန်လွန်ကဲခြင်း၏ ဆိုးကျိုးကို ခံစားရခြင်းပင် ဖြစ်သည်။ ပူပြင်းသောရာသီဥတုတွင် လေအေးပေးစက်နှင့် ပန်ကာများမရှိခြင်းသည် အထူးသဖြင့် သက်ကြီးရွယ်အိုများ သို့မဟုတ် နာတာရှည်ရောဂါရှိသူများတွင် အပူဒဏ် သို့မဟုတ် ရေဓာတ်ခန်းခြောက်ခြင်းကို ဖြစ်စေနိုင်သည်။ ထိုမှတဆင့် ကိုယ်ခန္ဓာအပူချိန်မြှင့်တက်ခြင်း၊ အပူရှပ်ခြင်းစသည်တို့ကို ပိုမိုဖြစ်ပွါးနိုင်ပါသည်။ ထို့ကြောင့် ပူပြင်းသောရာသီဥတုအချိန်တွင် လေအေးပေးစက်၊ ပန်ကာစသည်တို့ပါ အသုံးမပြုနိုင်သောအချိန်တွင် အိမ် သို့မဟုတ် ခြံ နှင့် ပတ်ဝန်းကျင် အနီးတစ်ဝိုက် အေးပြီး အရိပ်ရသောနေရာများတွင် နေထိုင်ကြရန် အရေးကြီးပါသည်။
ဓာတ်အားပြတ်တောက်မှု၏ နောက်ဆက်တွဲသက်ရောက်မှု နောက်တစ်ခု မှာ ရေရရှိရေးဖြစ်သည်။ လျှပ်စစ်မီးမရှိခြင်းကြောင့် ရေပေးဝေမှုပါ မကြာခဏ ပြတ်တောက်လျက်ရှိသည်။ ထိုအချက်သည် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ သို့မဟုတ် ကာလဝမ်းရောဂါများကဲ့သို့ ရေကြောင့်ဖြစ်သော ရောဂါများကို ပိုမို ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် ရေ သို့မဟုတ် လျှပ်စစ်မီးမရရှိပါက လူများသည် လုံလောက်သော တစ်ကိုယ်ရေသန့်ရှင်းမှုကို မထိန်းသိမ်းနိုင်ဘဲ ရောဂါပိုးများနှင့် အခြားကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။
လျှပ်စစ်မီးမရသည့် အတွက် ရေခဲသေတ္တာနှင့် တခြား အအေးပေးစနစ်များ ထိခိုက်သည့် အတွက် အစားအစာများကို အအေးပေး သိမ်းဆည်းလေ့ရှိသည့် အိမ်များတွင် အစာ၏ ကြာရှည်ခံမှုနှင့် လတ်ဆတ်မှုတို့ကို ထိခိုက်စေနိုင်ပါသည်။ ထို့အပြင် ကာကွယ်ဆေးများ၊ အအေးပေးသိုလှောင်ရသည့် ဆေးများအတွက်လည်း ဆေး၏ အာနိသင် ကို ထိခိုက်စေနိုင်ပါသည်။
ထို့အပြင် လျှပ်စစ်မီးပျက်မှုကြောင့် လေထုညစ်ညမ်းမှုနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုကဲ့သို့သော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည့် မီးစက် များ အသုံးပြုမှု တိုးလာစေပြန်သည်။ မီးစက်များသည် ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ အမှုန်အမွှားများနှင့် အခြားညစ်ညမ်းပစ္စည်းများကို ထုတ်လွှတ်ကာ ပန်းနာရင်ကြပ် သို့မဟုတ် လေပြွန်ရောင်ရင်ကြပ် (COPD) ကဲ့သို့သော လက်ရှိအသက်ရှူလမ်းကြောင်းဆိုင်ရာအခြေအနေများကို ပိုမိုဆိုးရွားစေပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို တိုးမြင့်စေပါသည်။ ထို့ကြောင့် မီးစက်အသုံးပြုရန်လိုအပ်ပါကလည်း မီးစက်မှ ထွက်လာနိုင်သည့် အငွေ့များကို အိမ်ခန်းအတွင်း ဝင်ရောက်နိုင်သည့် အနေအထားမဖြစ်စေရန် သတိပြုရန်လိုပါသည်။
ထို့အပြင် လျှပ်စစ် မီးမလာချိန်တွင် မီးသွေး၊ ထင်း မီးဖို စသည်တို့ကို အသုံးပြုရခြင်းကြောင့်လည်း ပန်းနာရင်ကြပ်ရှိသူများတွင် အဆိုပါ မီးခိုးများကြောင့် ရင်ကြပ်ခြင်း ပိုဆိုးလာတတ်သဖြင့် အထူးသတိပြု ရှောင်ကြဉ်စေရန် လိုအပ်ပါသည်။ အိမ်တွင်း လေထုညစ်ညမ်းခြင်းကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်သော COPD နှင့် အသက်ရှုလမ်းကြောင်းတွင် ရောဂါပိုးဝင်လွယ်ခြင်းများလည်း ပိုမိုဖြစ်ပွါးနိုင်ပါသည်။ ထို့ကြောင့် မီးသွေး ထင်းစသည်တို့ကို မဖြစ်မနေ သုံးရသည့် အခါများတွင်လည်း အဆိုပါ မီးဖိုများမှ ထွက်သော မီးခိုးများကို အိမ်ပြင်ပသို့ အလွယ်တကူထွက်နိုင်သော နေရာများတွင်သာ ထားရှိအသုံးပြုကြရန်နှင့် တတ်နိုင်သရွေ့ မီးခိုးကို ကြာကြာမရှူမိစေရန် သတိထားသင့်ပါသည်။
နိဂုံးချုပ်အနေဖြင့် လျှပ်စစ်မီးပြတ်တောက်မှုသည် ကျန်းမာရေးနှင့်ပတ်သက်သည့် ပြဿနာများကို သိသိသာသာ ဖြစ်စေနိုင်သည်။ အပူချိန်လွန်ကဲစွာ ထိတွေ့မှု၊ ရေပေးဝေမှု ပြတ်တောက်မှု၊ အရေးပေါ် မီးစက်အသုံးပြုမှု တိုးမြှင့်ခြင်းနှင့် လေထုညစ်ညမ်းမှုတို့ကို စသည့် ပြဿနာများကို ဖြစ်ပေါ်စေနိုင်သဖြင့် အထူးသတိထားကြရန် တင်ပြလိုက်ရပါသည်။